ချစ်သူ ၊ အိမ်ထောင်ဖက် အဖြစ်ရွေးချယ်ထားတယ်ဆိုတာ ထာဝရအတူပေါင်းဖက်ပြီး ရှင်သန်နေထိုင်ဖို့ပါပဲ. ဒါပေမယ့် အချို့သော relationship တွေဟာ ဘဝကိုဖြတ်သန်းဖို့ နှစ်ယောက်အတူရှိနေမှပြည့်စုံမယ်လို့ ယူဆထားကြရာကနေ နှစ်ဦးသားဆက်ဆံရေးကို ပြတ်တောက်သွားစေမယ့် အကြောင်းရင်းတွေကြောင့် တစ်ယောက်တစ်လမ်း ခွဲခွာခဲ့ကြသူတွေလည်းရှိပါတယ်. ဒီလို နှစ်ဦးသားဆက်ဆံရေးကို ပြတ်တောက်သွားစေမယ့် အကြောင်းရင်းတွေက ဘာတွေလဲ…..

၁. လက်တွဲဖော်ရဲ့အပေါ် မရိုးသားခြင်း
ရိုးသားမှုဆိုတာ ဘယ်လိုဆက်ဆံရေးအတွက်မဆို အလွန်အရေးကြီးပါတယ်. နှစ်ကိုယ့်တစ်စိတ်လိုနေထိုင်ရမယ့် လက်တွဲဖော်ရဲ့အပေါ် ရိုးသားဖို့ကတော့ မဖြစ်မနေလက်ခံထားရမယ့် ဂုဏ်တစ်ရပ်ပါပဲ. စိတ်ဆင်းရဲရမယ့်ကိစ္စမို့ အဖြူရောင်မုသာစကားများရှိနိုင်တယ်ဆိုပေမယ့်လည်း စုံတွဲများအနေနဲ့ တစ်ဦး နှင့်တစ်ဦး ပွင့်လင်းရိုးသားဖို့ ကြိုးစားသင့်ပါတယ်. မရိုးမသားဆက်ဆံခြင်းက သံသယတွေများပြီး မယုံကြည်ဖွယ်ရာဖြစ်စေပါတယ်. အခက်အခဲပဲဖြစ်ဖြစ် ၊ အမှားတစ်ခုပဲဖြစ်ဖြစ် ၊ အနာဂတ်အစီအစဉ်အတွက်ပဲဖြစ်ဖြစ် အချင်းချင်း ဖွင့်ဟတိုင်ပင်ကြဖို့ အကြံပြုချင်ပါတယ်. ကိုယ့်ရဲ့ လက်တွဲဖော်ဟာ ကိုယ့်အပေါ် မရိုးသားဘူးလို့ ယူဆရရင် ရိုးသားပွင့်လင်းဖို့ အကြံပေးပါ.

၂. သဘောထားမတိုက်ဆိုင်မှုများ
လင် နဲ့ မယား လျှာ နဲ့ သွား ဆိုသလို Relationship တစ်ခုမှာ နှစ်ဦးသား အခန့်မသင့်လို့ စိတ်သဘောကွဲလို့မှုတွေဆိုတာရှိစမြဲပဲ ဆိုပေမယ့် အမြဲလိုလို သဘောထားမတိုက်ဆိုင်မှုတွေ ရှိနေတယ်ဆိုရင်တော့ ဒီဆက်ဆံရေးဟာတည်မြဲဖို့ မဖြစ်နိုင်ပါဘူး. တစ်ဦးကိုတစ်ဦး အလျော့ပေးပြီး သဘောထားချင်းမတူရင် ညှိယူမယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်. ပြဒါးတစ်လမ်း သံတစ်လမ်း ဘယ်တော့မှ ညှိလို့မရဘူးဆိုရင်တော့ နှစ်ဦးသားဆက်ဆံရေးကို ပြတ်တောက်စေမှာဖြစ်ပါတယ်. ဒါကြောင့် အစထဲက လက်တွဲဖော်အကြောင်းကို တတ်နိုင်သမျှကြိုတင်လေ့လာထားပြီး ရှေ့ဆက်သင့်မသင့် ဆုံးဖြတ်ဖို့အကြံပြုချင်ပါတယ် ..…

၃. လိုတာထက်ပိုတဲ့ သဝန်တို ချုပ်ချယ်ခြင်း
သဝန်တိုခြင်းက တိုတတ်ရင် အချစ်ကိုတိုးပွားစေသလို လိုတာထက်ပိုရင် နှစ်ဦးသားဆက်ဆံရေးကို ပြတ်တောက်သွားစေနိုင်ပါတယ်. တစ်ခါတစ်လေ ရန်ဖြစ်စိတ်ကောက်မယ်၊ သဝန်တိုမယ် ဒါဟာ ချစ်သူစုံတွဲတိုင်းဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာတွေပါပဲ. သဝန်တိုတာလေးတွေ၊ စိတ်ကောက်ရန်ဖြစ်တာလေးတွေက အချစ်တွေကို ပြန်သစ်လွင်စေပါတယ်. ဒါပေမယ့် လိုတာထက် ပိုပြီး ကိုယ့်ချစ်သူကို သဝန်တိုနေမိရင်တော့ အဲဒီ့ဆက်ဆံရေးဟာ အလွယ်တကူ ထိခိုက်ပျက်စီးလာစေနိုင်ပါတယ်……

၄. နာကျင်စေတဲ့ စကားများပြောဆိုသုံးနှုန်းခြင်း
မုန်းသူပြောတဲ့ စကားထက် ချစ်သူပြောတဲ့စကားက ရင်ထဲကို ပိုရောက်စေတယ်ဆိုတာ ဘယ်တော့မှမမေ့ပါနဲ့. ဒါကြောင့် မိမိရဲ့ချစ်သူရည်းစားမကြိုက်တဲ့စကားတွေ ၊ စိတ်ဓာတ်ကျစေမယ့်စကားတွေ ၊ မိမိချစ်သူရဲ့ပတ်ဝန်းကျင်ကို အပြစ်တင်ရှုံချပြောဆိုခြင်း တွေဟာ နှစ်ဦးသားဆက်ဆံရေးကို ပြတ်တောက်သွားစေနိုင်တဲ့ အကြောင်းရင်းတစ်ခုဖြစ်လာနိုင်ပါတယ်. အထူးသဖြင့် စိတ်နာစေမယ့် အပြုအမူအပြောအဆိုတွေကို ရှောင်ကြဉ်ဖို့ အကြံပြုချင်ပါတယ်…..

၅. အပြစ်တင်ခြင်း
လူတိုင်းက အမှားလုပ်တတ်ကြတာပါပဲ. အမှားကို ပြုပြင်ဖို့ အကြံပြုတာထက် အပြစ်တွေချည်း တင်နေတတ်တယ်ဆိုရင်တော့ relationship အတွက် အဖုအထစ်တွေပါပဲ. အမှားအတွက် ခွင့်လွတ်မှုကိုအရင်ဖော်ပြပြီး အကြံပေးတဲ့ပုံစံလေးနဲ့ပြောပြတာက ဆက်ဆံရေးကို ပိုအဆင်ပြေစေမှာပါ. အပြစ်ချည်းတင်နေမယ်ဆိုရင်တော့ နှစ်ဦးသားဆက်ဆံရေးကို ပြတ်တောက်သွားစေနိုင်တယ်ဆိုတာ သတိထားပေးပါ……
Day To Day ပရိတ်သတ်ကြီးလည်း ချစ်ရသူတွေနဲ့အတူ အဟန့်အတားမရှိဘဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ကြပါစေလို့ ဆုမွန်ချွေလိုက်ပါတယ်နော်….