လူဖြစ်ကျိုးနပ်တဲ့ လူသားများ… လူသားစင်စစ် ဖြစ်နိုင်ပါစေ…

ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်တဲ့ လူချင်းတူပေမယ့် လူအမျိုးအစားတွေ ကွဲပြားပါတယ်. ဝိမာနအဋ္ဌကထာမှာ လူဆိုတာ သာမညအားဖြင့် တစ်မျိုးတစားတည်းသာဖြစ်ပေမယ့်လည်း အထူးပြုခွဲခြားမယ်ဆိုရင်းတော့ လေးမျိုးရှိတယ်ဆိုတာ တွေ့ရပါတယ်. လူရယ်လို့ဆိုရာမှာ  

(၁)လူ့ငရဲသား

သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း ၊ သူ့တစ်ပါးသားမယား ပြစ်မှားမိခြင်း ၊ အရက်သေစာသောက်စားခြင်း ၊ လိမ်လည်မုသားဆိုခြင်း စတဲ့ မပြုသင့်တဲ့ ကံကိုပြုခဲ့မိခြင်းကြောင့် အပြစ်ပေးခံရပြီး  ဆင်းရဲဒုက္ခကြီးစွာ ခံစားနေရသူများဟာ အမှန်စင်စစ် လူ့ငရဲ့သားတို့ပဲ ဖြစ်ပါတယ်……

(၂)လူ့ပြိတ္တာ

အတိတ်ကပြုခဲ့ဖူးတဲ့ မကောင်းမှုကြောင့် (ရှေးက ကောင်းမှုကို မပြုခဲ့တာကြောင့်) အစားအစာ မရရှိနိုင်ခြင်း ၊ အဝတ်အထည်ဆင်းရဲချို့တဲ့ခြင်း ၊ ဆာလောင်ငတ်မွတ်ကာ ဆင်းရဲကြီးစွာ အသက်ရှင်နေထိုင်ရခြင်း ၊ စားဝတ်နေရေးအတွက် ဆောက်တည်ရာမရ ကတိမ်းကပါး ပြေးလွှားရှာဖွေနေရသူများပဲ ဖြစ်ပါတယ်…..

(၃)လူ့တိရစ္ဆာန်

တိရစ္ဆာန်များကဲ့သို့ပင် အိပ် ၊ စား ၊ ကာမ ဤ သုံးဝကိုသာ ဆောင်ရွက်တတ်သူများ ၊ ဘာသာ သာသနာ နဲ့ လူမှုရေးများကို လားလားမှ မအပ်စပ်သကဲ့သို့ ပြုမူနေထိုင်သူများ ၊ လူ့စည်း လူ့ဘောင် နဲ့ လူ့လောက စည်းမျဉ်းဥပဒေများကို ကျော်ဖျက်ကျူးလွန်ခြင်းများကြောင့် အစိုးရ ၊ မင်း စတဲ့ တစ်ပါးသူတို့ရဲ့ ခြိမ်းခြောက်မှုကြောင့် အိပ်လိုခြင်း၊ စားလိုခြင်း၊ ဆာလောင်ခြင်း ဆင်းရဲကို ပယ်ဖျောက်ရုံမှတစ်ပါး အခြားမည်သည့် အကျိုးအကြောင်း ဟုတ်သည် မဟုတ်သည်ကိုမှ မစဉ်းစားနိုင်ဘဲ ဒုက္ခကြီးစွာ လှည့်လည်ထွက်ပြေး နေရသူများပဲ ဖြစ်ပါတယ်……

(၄)လူသားစင်စစ်

မိမိရဲ့ အကျိုးစီးပွားကိုသိ၍ ကံ ကံ၏အကျိုးကို ယုံကြည်ကာ မကောင်းမှုလုပ်ရမှာ ရှက်တတ်ကြောက်တတ်ခြင်း ၊ သတ္တဝါများအပေါ်မှာ သနားကြင်နာခြင်းရှိတဲ့အပြင် သံဝေဂတရားရှိပြီး အကုသိုလ်တရားတို့ကို ရှောင်ကြဉ်ကာ ကုသိုလ်တရား တို့ကို ကောင်းစွာကျင့်သုံးပြီး ဒါန၊ သီလ၊ ဘာဝနာ စသော ပုညကြိယာ ဝတ္ထုဆယ်ပါးနှင့် ပြည့်စုံသောသူများပဲဖြစ်ပါတယ်…..

လူသားအားလုံး လူသားစင်စစ်ဖြစ်ကြပြီး လောကကောင်းကျိုး ပံ့ပိုးနိုင်ကာ လူဖြစ်ရကျိုးနပ်သူတွေ ဖြစ်ကြပါစေ…..

Comments are closed, but trackbacks and pingbacks are open.