အလျော့ထွက် တွက်ပြီး ရွှေထည်တွေကိုဈေးဆစ် ဝယ်ကြမယ်

ရွှေထည်လက်ဝတ်ရတနာတွေဝယ်ယူတဲ့အခါ ဈေးအရမ်းကြီးနေသလား… ဈေးတန်သလားဆိုတာကို တွက်ချက်ပြီး ဝယ်ယူနိုင်မယ့်နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်…..

ကျမတို့ဟာ ရွှေဝယ်ယူတဲ့အခါ ရွှေရဲ့အသားတင်အလေးချိန်ရဲ့ တန်ဖိုးအပြင် အလျော့ထွက်လက်ခကို ထည့်တွက်ကာ ဝယ်ယူသူကပဲ ပေးဆောင်ရပါတယ်. ရွှေတစ်တုံးကို လက်ဝတ်ရတနာပုံဖော်တဲ့အခါ ဖြတ်တောက်ထုတ်လိုက်ရတဲ့ ရွှေစလေးတွေကိုလည်း ပေးလိုက်ရသလို ဒီအတွက်လက်ခကိုလည်း ပေးဆောင်ရတာဖြစ်ပါတယ်……

ရွှေဆိုင်တိုင်းကတော့ ဒီလိုစနစ်နဲ့ပဲ ရောင်းဝယ်ကျတာဆိုပေမယ့်လည်း အချို့ မနှောလှတဲ့ဆိုင်တွေကတော့ ဝယ်ယူသူအတွက် အလျော့ထွက်လက်ခကို လျော့ပေးတတ်တာကြောင့် ပိုမိုသက်သာတဲ့ဈေးနဲ့ လက်ဝတ်ရတနာတွေကို ပိုင်ဆိုင်နိုင်ကြမှာဖြစ်ပါတယ်. ဒါဆိုရင် ဝယ်သူအနေနဲ့ကရော အလျော့ထွက်ကို ဘယ်လိုတွက်မလဲ….

ရွှေထည်ရဲ့ တန်ဖိုးထဲကနေ ရွှေရဲ့အသားတင်အလေးချိန်တန်ဖိုးကို နှုတ်လိုက်မယ်ဆိုရင် အလျော့ထွက်တန်ဖိုး ရလာမှာပါ. အခြေခံအကျဆုံးဖြစ်တဲ့ရွှေအချိန်အတွယ်နဲ့ ရွှေဈေးတွက်နည်းလေးကတော့

၂ ပဲ = ၁ မူး

၄ ပဲ = ၁ မတ်

၈ ပဲ = ၅ မူး

(၂ပဲကို ၁မူးခေါ်ပေမဲ့ ၈ပဲကိုတော့ ၅မူး ခေါ်ကြပါတယ်)

၁ ကျပ် = ၁၆ ပဲ

၁ ပဲ = ၈ ရွေး

၁ ကျပ် = ၁၂၈ ရွေး

၁ ကျပ် = ၁၆.၆၀၆ ဂရမ်

••••••••••••

၁ကျပ်မှာ ၁၆ပဲရှိလို့ ၁ပဲတန်ဖိုး သိချင်ရင် ရွှေဈေးကို ၁၆နဲ့ စားလိုက်ရုံပါပဲရှင်..

၁ပဲဖိုး= ရွှေဈေး÷16

ဥပမာ- ၁၆ပဲရည်ဈေးနှုန်း>> 1219500/-နှုန်း

ဥပမာ ပြထားတဲ့ ဈေးအရဆိုရင် ..

1219500÷16 = 76218/-

၁ပဲဖိုးသိရပြီဆိုရင်..

၂ပဲဖိုးသိချင်ရင် ၂နဲ့မြှောက်

၃ပဲဖိုးသိချင်ရင် ၃နဲ့မြှောက်ရုံပါပဲနော်..

၈ပဲ(ငါးမူးသား) ဖိုး အကြမ်းသိချင်ရင်လည်း ရွှေဈေးကို ၂နဲ့စားလိုက်ရုံပဲပေါ့..

၄ပဲ(တစ်မတ်သား) ဖိုး အကြမ်းသိချင်ရင်လည်း ရွှေဈေးကို ၄နဲ့ စားလိုက်ပါနော်..

•••••••••••

ကျပ်ပဲရွေးတွေနဲ့ အတိအကျ သိချင်ရင်လည်း တွက်ပြအုံးမယ်..

ဥပမာ- ၁၆ပဲရည်ဈေးနှုန်း>> 1219500/-နှုန်း

ပုစ်ဆာ-1

ရွှေတင်ချိန်က ၁ကျပ် ၉ပဲ ၂ရွေး ဆိုကြပါဆို့..

ဒါဆိုရင် တွက်နည်းနဲ့ တွက်ကြည့်ရအောင်နော်။

ရွှေဈေးတွက်နည်း 》》

( ရွေး ÷ ၈ + ပဲ ÷ ၁၆ + ကျပ် x ဈေးနှုန်း )

ရွှေတွက်နည်း ဖော်မြူလာလေး နေရာမှာ အခုရွှေချိန်လေးကို အစားထိုး တွက်မယ်ဆိုရင်

2 ÷ 8 + 9 ÷ 16 +1 × 1219500 = 1924523/- ဖြစ်ပါတယ်…

ပုစ်ဆာ-2

ရွှေတင်ချိန်က ၃ပဲ ၄ရွေး ဆိုကြပါဆို့..

ဒါဆိုရင် တွက်နည်းနဲ့ တွက်ကြည့်ရအောင်နော်။

ရွှေဈေးတွက်နည်း 》》

( ရွေး ÷ ၈ + ပဲ ÷ ၁၆ + ကျပ် x ဈေးနှုန်း )

ရွှေတွက်နည်း ဖော်မြူလာလေး နေရာမှာ အခုရွှေချိန်လေးကို အစားထိုး တွက်မယ်ဆိုရင်

4 ÷ 8 + 3 ÷ 16 × 1219500 = 266765/- ဖြစ်ပါတယ်… (ကျပ်နေရာမှာ မရှိလို့ + 0 လို့ ထည့်ရိုက်မနေဘဲ တန်းပြီး ဈေးနဲ့မြှောက်လိုက်တာပါ..

ဒီနည်းတွေနဲ့ ရွှေရဲ့အသားတင်အလေးချိန်တန်ဖိုးထွက်လာပြီဆိုရင် ဆိုင်ကဆိုတဲ့ ရွှေထည်ရဲ့တန်ဖိုးထဲကနေ ရွှေထည်ရဲ့အသားတင်တန်ဖိုးကို နှုတ်လိုက်ရင် အလျော့ထွက်တန်ဖိုး ထွက်လာမှာဖြစ်ပါတယ်. ဝယ်ယူသူအနေနဲ့ အလျော့ထွက်တန်ဖိုးထဲကနေ ဈေးဆစ်ပြီး သက်သက်သာသာဝယ်ယူနိုင်ပြီဖြစ်ပါတယ်….

မြန်မာ့ရွှေပေါက်ဈေးတွက်နည်းကတော့….

(ကမ္ဘာ့ရွှေပေါက်ဈေး × ဒေါ်လာပေါက်ဈေး) ÷ 1.875 ဖြစ်ပါတယ်…..

Comments are closed, but trackbacks and pingbacks are open.