အသား ငါး ရောင်းတာကို အကုသိုလ်အလုပ်လို့ လူတော်တော်များများ နားလည်နေကြသလို ကိုယ်တိုင်လည်း ဒါဟာ အကုသိုလ်အလုပ်လို့ပဲ ယူဆခဲ့ဖူးပါတယ်. ဒါပေမယ့် ဆရာတော် ဦးနန္ဒာစာရ _ မုံရွာ ရေးသားဟောကြားခဲ့တဲ့ အသား ငါး ရောင်းတာ အကုသိုလ်အလုပ်လား ဆိုတဲ့ postကို ဖတ်ရှုပြီးချိန်မှာတော့ ပိုမိုပြီး တိကျပြတ်သားတဲ့ အဖြေကို သိခွင့်ရခဲ့ပါတယ်…..

အသား ၊ ငါး ရောင်းတိုင်း အကုသိုလ်အလုပ်မဟုတ်သလို အကုသိုလ်ဖြစ်စေတဲ့ ရောင်းချနည်းတွေလည်း ရှိနေပါတယ်. ဒါဆို ဘယ်နည်းတွေဟာ အကုသိုလ်ဖြစ်စေသလဲ … ဘယ်နည်းက အကုသိုလ်ကင်းမလဲ ဆိုတာသိရဖို့ ဆရာတော်ရဲ့ ဩဝါဒလေးကို ဖတ်ရှုကြရအောင်နော်….
အသား ငါး ရောင်းတာ အကုသိုလ် ဟုတ် မဟုတ် ဆိုတာကို ဥပါသကာ ဒါယကာတို့ မရောင်းအပ်သော အရာ (၅)မျိုးနှင့်ရှင်းပြပါမယ်၊ ဥပါသကာ- ဒါယကာသည်-
၁။ သတ္ထဝဏိဇ္ဇာ
၂။ သတ္တဝဏိဇ္ဇာ
၃။ မံသဝဏိဇ္ဇာ
၄။ မဇ္ဇဝဏိဇ္ဇာ
၅။ ဝိသဝဏိဇ္ဇာ-ဆိုတဲ့ အရာ (၅) မျိုးကို မရောင်းရပါ၊ ရောင်း ဝယ် ဖေါက်ကားပြီး အသက်မမွေးရပါ။
အထက်ပါ (၅) မျိုးကို တစ်ခုခြင်း ရှင်းပြပါမယ်။
(၁) သတ္ထဝဏိဇ္ဇာဆိုတာ လက်နက်မရောင်းရဟု တားမြစ်ထားခြင်းဖြစ်ပါတယ်၊ လက်နက်ဆိုတာ ဘယ်လိုဟာပါလဲလို့ အတိအကျသိဖို့လိုအပ်လာပြန်ပါတယ်၊ သတ္ထဝဏိဇ္ဇာတိ အာဝုဓဘဏ္ဍံ ကာရေတွာ တဿ ဝိက္ကယော-တဲ့၊ သတ္တဝါတို့ကို သတ်ကြောင်းဖြစ်သော မြား လှံ ဒုက် ဓား သေနတ်စသော လက်နက်တွေကိုပြုလုပ်၍ရောင်းခြင်းလို့ဆိုလိုပါတယ်၊ ဒီနေရာမှာ မြား လှံ သေနတ်တို့ကတော့ သူများတွေကို သတ်ကြောင်း သေစေကြောင်းထင်ရှားပေမဲ့ ဓားရောင်းတိုင်းတော့ သတ္ထဝဏိဇ္ဇာလို့ မဆိုလိုနိုင်ပါဘူး လူသတ်ကြောင်းဖြစ်တဲ့ ငှက်ကြီးတောင် ဓာရှည် ဓားမြှောင်တို့ကိုရောင်းခြင်းကိုသာ ဆိုလိုပါတယ်၊ ထင်းခုတ်ဖို့ ဓားမျိုးကတော့ ရောင်းကောင်းတယ်လို့ ယူဆပါတယ်၊ ထင်းခုတ်ဓားနဲ့ လူသတ်ရင် မသေးဘူးလားလို့ စောဒကတက်ဖွယ်ရှိပြန်ပါတယ်၊ (သတ်ခါမှ သတ်ရော) ဥပါသကာ ဒါယကာအနေနဲ့ ရိုးသားစွာ ကြက်သွန်လှီးရန် ထင်းခုတ်ရန်ဟု အိမ်သုံးဓားအဖြစ် စိတ်ထားမှန်မှန် စေတနာသန့်သန့်နဲ့ ရောင်းမယ်ဆိုရင် အပြစ်ဖြစ်နိုင်ဖွယ်မရှိပါဘူး။
(၂) သတ္တဝဏိဇ္ဇာ-ဆိုတာ လူကို ရောင်း ဝယ်ခြင်းဟုဆိုလိုပါတယ်၊ ကျွန်စနစ်ခေတ်က ကျွန်ရောင်း ကျွန်ဝယ်ဆိုတာမျိုးနှင့် ယခုခေတ် လူကုန်ကူးဆိုတာမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။
(၃) မံသဝဏိဇ္ဇာ- အသားရောင်း ဝယ်ခြင်းပါ၊ ဒီကိစ္စဟာ ဒီ-ပို့စ်အတွက်အလွန်အရေးကြီးတဲ့အဓိကအချက်ပါ၊ အသားရောင်း ဝယ်ခြင်းဆိုတာ ဈေးထဲကဆိုင်တွေမှာချိပ်ဆွဲထားတဲ့ ဝက်သားတွဲ မဲသားတွဲနှင့် ကြက်သေ ငါးသေတို့ကိုရောင်းခြင်းကို ဆိုလိုခြင်း မဟုတ်ပါ၊ လူတော်တော်များများက အဲဒါတွေကိုပဲ အသား ငါး ရောင်းတဲ့ အကုသိုလ်အလုပ်တွေလို့ ထင်နေကြပါတယ်။
တကယ်တော့ မံသဝဏိဇ္ဇာ-အရ အသားရောင်းခြင်းဆိုတာ သုကရမိဂါဒယော ပေါသေတွာ တေသံ ဝိက္ကယော-တဲ့၊ ကြက် ဝက် သိုး ဆိပ်စသော အသက်ရှင်နေဆဲ သတ္တဝါတွေကို မွေးမြူပြီး ရောင်းဝယ်ခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်၊ ငါးမွေးမြူကန်တွေကလည်း မံသဝဏိဇ္ဇာပါပဲ၊ အရှင်လတ်လတ် ဈေးထဲ ငါးတွေရောင်းတာလဲ မံသဝဏိဇ္ဇာပါပဲ၊
ဝက်သားဒိုင် အမဲသားဒိုင် ကြက်သားဒိုင် ငါးဒိုင်တို့က ခုတ်ထစ်လှီးထားပြီးသော အသားတွေနှင့် သေပြီးတဲ့ (အသက်မပါတော့တဲ့) ကြက်တွေ ငါးတွေဟာ မံသဝဏိဇ္ဇာ-အရ အကြုံးမဝင်ပါဘူး၊ အဲဒါတွေကို ဈေးမှန်မှန်နဲ့ ရောင်းဝယ်မယ်ဆိုရင် အပြစ်မရှိပါဘူး။

(၄) မဇ္ဇဝဏိဇ္ဇာ-ဆိုတာ မူးယဇ်စေတဲ့ အရက် ဘီယာ ဘိန်းစတဲ့ မူးယဇ်ဆေးအမျိုးမျိုးကို ရောင်းဝယ်ခြင်းမျိုးကို ဆိုလိုပါတယ်။
(၅) ဝိသဝဏိဇ္ဇာ-ဆိုတာ သတ္တဝါတို့ကို သေစေတတ်သော အဆိပ်အမျိုးမျိုးနှင့် ပိုးသတ်ဆေးတို့ကို ရောင်းဝယ်ခြင်းကို ဆိုလိုပါတယ်။ ဒါတွေကတော့ နားလည်လွယ်လောက်လို့ အထူးမရှင်းတော့ပါဘူး။
အထူးသတိထားရမှာက နံပတ် (၃) အသား ငါး ရောင်းဝယ်ခြင်းဆိုတာ ဘယ်လိုဟာလဲလို့ တိတိကျကျ နားလည်ထားဖို့ပါပဲ၊ နောက်ဆုံးအကျဉ်းချုပ် လွယ်လွယ်နားလည်အောင်ပြောရရင် အသား ငါးမွေးမြူရေးလုပ်ငန်းဟာ မံသဝဏိဇ္ဇာ အစစ်ပါပဲ-သေပြီး အသား ငါး ရောင်းတာ အကုသိုလ်မဖြစ်ပါ၊ ဒီလောက်ဆို ရှင်းလင်းလောက်ပြီလို့ ယူဆပါတယ်……
Comments are closed, but trackbacks and pingbacks are open.